Tuesday, May 10, 2016

ရိုဟင်ဂျာ၊ မြန်မာအစိုးရနှင့် ရောင်စုံကတ်ပြားများ (ပထမပိုင်း)

ကိုကိုလင်း (ရန်ကုန်တက္ကသိုလ်) 
၁၉၉၀ ပြည့်နှစ်လောက်တွင် ထင်ပါသည်။ မောင်တောမြို့နယ်တွင် ယခုဖြည့်စွက်ခိုင်းသည့် နိုင်ငံသားလျှောက်လွှာပုံစံများကို နယ်တကာ လှည့်၍ ဖြည့်စွက်ပေးခဲ့ဘူးသည်။ အကြောင်းမူကား ထိုရိုဟင်ဂျာ အများစု အခြေချနေထိုင်လျက်ရှိသည့် ဘူးသီးတောင်၊ မောင်တောဒေသ ကို အစိုးရက ပညာရေးအရ နှိမ့်ချထားမှုကြောင့် ရိုဟင်ဂျာအများစုမှာ စာတတ်ပေတတ်များ ဖြစ်မလာခဲ့ပေ။ ထိုအချက်သည်လည်း ယနေ့ပြောဆိုနေသကဲ့သို့ ရိုဟင်ဂျာတို့သည် ဘင်္ဂလားဒေ့ရှ်မှ ခိုးဝင်နေထိုင်သူများဖြစ်သောကြောင့် မြန်မာစာပေကို လည်းကောင်း၊ တိုင်းရင်းသား ဘာသာစကား တစ်မျိုးမျိုးကို သော်လည်းကောင်း မတတ်ခြင်းဖြစ်သည်ဟု လွယ်လင့်တကူ အကြောင်းပြနိုင် ရန် ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားဟန်တူပါသည်။
ယင်းကဲ့သို့ နယ်တကာလှည့် လူထု၏ ကိုယ်ရေးမှတ်တမ်းများကို ကိုင်ဆောင်ထားသည့် စာရွက်စာတမ်း အထောက်အထားများအတိုင်း ဖြည့်စွက်ရာတွင် အချို့သောသူများက ထူးဆန်းသည့် မှတ်ပုံတင်ကတ်ပြားတစ်မျိုးကို ထုတ်ပေးလာသည်။ ထိုမှတ်ပုံတွင် ဂဏန်းငါးလုံးသာ ပါဝင်ပြီး၊ ထိုဂဏန်းများရှေ့တွင် လူအများကိုင်ဆောင်ထားသည့် မှတ်ပုံတင်နံပါတ်များနည်းတူ AK၊ MDW၊ BTG၊ AKB အစရှိသည့် အက္ခရာ စာလုံးများ မပါရှိပေ။ ထိုကတ်ပြားသည် မည်ကဲ့သို့သော မှတ်ပုံတင်ဖြစ်သည်ကို မေးမြန်းခဲ့သော် လဝက အရာရှိတစ်ဦးက ‘အဲဒါ မြန်မာနိုင်ငံ မှာ လွတ်လပ်ရေးရပြီးနောက်ပိုင်း ပထမဦးဆုံး ထုတ်ပေးခဲ့တဲ့ မှတ်ပုံတင်တွေဖြစ်တယ်’ ဟု ပြောပြခဲ့သည်။ ဆက်လက်၍ ၎င်းက မြန်မာနိုင် ငံတွင် ပထမဦးဆုံး မှတ်ပုံတင်ထုတ်ပေးခဲ့သည့် ဒေသမှာလည်း ဘူးသီးတောင်၊ မောင်တောမြို့များဖြစ်ကြောင်း ပြောပြပြီး၊ ထိုကဲ့သို့ နံပါတ် ချည်းပါရှိသည့် မှတ်ပုံတင်ကတ်ပြားသည် ဤဒေသ၌သာ တွေ့ရှိနိုင်ကြောင်း ရှင်းပြခဲ့ဘူးပါသည်။ ထိုနောက်ပိုင်းတွင် AK၊ MDW အစရှိသော အက္ခရာများရေးထားသည့် ဂဏန်းခြောက်လုံးပါ အမျိုးသား မှတ်ပုံတင်ကတ်ပြားများကို ထုတ် ပေးခဲ့သည်။ ထိုမှတ်ပုံတင်ကတ်ပြားများသည် နှစ်ခေါက်ချိုးနှင့် သုံးခေါက်ချိုး နှစ်မျိုးစလုံးဖြစ်၍ အမျိုးသားများအား အစိမ်းနုရောင်နှင့် အမျိုး သမီးများအား ပန်းရောင် အစရှိသဖြင့် လိင်အပေါ်အခြေခံပြီး အရောင်ခွဲခြား ထုတ်ပေးခဲ့သည်။ ထို့အပြင် ထိုမှတ်ပုံတင်များကို ရပ်ကွက်၊ ကျေးရွာများအလိုက် ကွင်းဆင်း၍ ထုတ်ပေးခဲ့သည်ဟု စုံစမ်းသိရှိရပြီး၊ ယင်းကဲ့သို့ နှစ်ခေါက်၊ သုံး ခေါက်ချိုး မှတ်ပုံတင်များ ထုတ်ပေးသည့်ကာလ အသက် (၁၂) နှစ်ကျော်သော်လည်း (၁၈) နှစ်မပြည့်သောကြောင့် ‘ယာယီကတ်ပြား’ ဟု ခေါင်းစဉ်တပ်ထားသည့် စာရွက်တစ်မျိုးကိုလည်း ထုတ်ပေးခဲ့သည်ကို တွေ့ရှိခဲ့ဘူးသည်။ သို့ရာတွင် ယင်းယာယီကတ်ပြား ကိုင်ဆောင် သူအတော်များများသည် နောင်အခါ သက်ပြည့်သော်လည်း မည်သည့်အခါမျှ ယင်းတို့ကို အမျိုးသားမှတ်ပုံတင်ကတ်နှင့် လဲပေးခြင်းမရှိခဲ့ဘဲ ဆက်လက် ကိုင်ဆောင်စေခဲ့သည်မှာ ၁၉၉၀ နှစ်များအထိဖြစ်သည်။ ယင်းကဲ့သို့ ရိုဟင်ဂျာတို့ကို သက်သေခံ အထောက်အထားများ ထုတ်ပေးခြင်း၊ ပျောက်ဆုံးခဲ့သည်များကို မိတ္တူထုတ်ပေးခြင်း၊ ဟောင်းနွမ်း ပျက်စီးသွားခဲ့သည်ကို ပြင်ဆင်မွမ်းမံခြင်းများ လုပ်မပေးခဲ့သည်မှာ ၁၉၆၂ ခုနှစ် ဦးနေဝင်း အာဏာသိမ်းခဲ့သည့်ကာလ နောက်ပိုင်းမှစ၍ဖြစ် သည်။ ထို့ကြောင့် ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာအများစုသည် မှတ်ပုံတင်နံပါတ်မျှသာရှိသော်လည်း ကတ်ပြားမရှိသူများ၊ ၁၉၅၀ နှင့် ၁၉၆၂ ကြားကာလက ထုတ်ပေးခဲ့သည့် ယာယီကတ်ပြား ကိုင်ဆောင်ထားသူများနှင့် ယင်းကတ်ပြား ပျောက်ဆုံးပျက်စီးမှုကြောင့် အထောက်အ ထားမဲ့ဖြစ်နေသူများ မြောက်များစွာရှိနေသည့်အပြင် ၁၉၆၀ ပတ်ဝန်းကျင်တွင် မွေးဖွားခဲ့သူများနှင့် အသက်အရွယ် မရောက်သေးသည့်သူ များလည်း မည်သည့်သက်သေခံလက်မှတ်မျှ ကိုင်ဆောင်နိုင်ခြင်းမရှိဘဲ ဖြစ်နေသည်။ သာဓကတစ်ရပ် တင်ပြရပါက ၁၉၅၅ ခုနှစ်လောက်က မွေးဖွာသူတစ်ယောက်သည် ၁၉၆၂ ခုနှစ်အထိ အသက် (၇) နှစ်သာရှိပြီး (၁၂) နှစ် မပြည့်သဖြင့် ယာယီကတ်ပြားများ ထုတ်မပေးသေးပေ။ ၁၉၆၂ ခုနှစ် ဦးနေဝင်းအာဏာသိမ်းပြီး ရိုဟင်ဂျာအများစုကို မည့်သည်ကတ်ပြားမျှ ထုတ်ပေးခဲ့ခြင်း မရှိသောအခါ တောက်လျှောက်သက်သေခံမဲ့သူများ ဖြစ်လာရသည်။ ဤနေရာတွင် ကြားဖြတ်တင်ပြလိုသည်မှာ အစိုးရ၏ ထိုပေါ်လစီတွင် ရိုဟင်ဂျာတို့အား မြန်မာနိုင်ငံသားများမဟုတ်ဘဲ တိုင်းတပါးမှ ခိုးဝင် နေထိုင်သူများဟု ယနေ့ စွပ်စွဲလျက်ရှိသည်အတိုင်း လုပ်ဆောင်နိုင်ရန် အကြံကြီးကြီး၊ ရည်ရွယ်ချက်ရှိရှိဖြင့် တမင်ပင်လျှင် အကြောင်းဖန်တီး ယူခဲ့ခြင်းဖြစ်ပြီး၊ ယင်းကဲ့သို့ အကြောင်းတရားကို ဖော်ဆောင်ရာတွင် မည်သည့် ရိုဟင်ဂျာကိုမျှ သက်သေခံ အထောက်အထားများ ထုတ်မ ပေးခဲ့ ဟူ၍လည်းမဟုတ်ပေ။ မပြောပြလောက်သည့် အစိုးရဝန်ထမ်းများနှင့် ယင်းတို့၏ သားသမီးများ၊ အစိုးရနှင့်နီးစပ်သူ ပညာတတ် အသိုင်းအဝန်းများကို ချွင်းချက်အ ဖြစ် ထုတ်ပေးခဲ့သည်။ ယင်းအထက်တန်းလွှာများကို လိုအပ်သည့်အချိန်အခါမျိုးတွင် မှတ်ပုံတင်ထုတ်ပေးသည် ဆိုရာ၌လည်း ထိုခေတ်က ပါတီ၊ ကောင်စီမှထောက်ခံချက်များ၊ မိဘနှစ်ပါးကိုင်ဆောင်သည့်မှတ်ပုံတင် မိတ္တူများ၊ ကျောင်းအုပ်ကြီး၏ ထောက်ခံချက်၊ ကျောင်းသား ကတ်ပြားများ ထိုကဲ့သို့သော ပညာရေးဌာနမှထုတ်ပေးသော အထောက်အထားများနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ ထောက်ခံချက်အပြင် အထင်ကရ အစိုးရအရာရှိနှစ်ဦးမှ ထောက်ခံချက်လက်မှတ်များ စသည်အတိုင်း ပြီးပြည့်စုံစွာ တင်ပြနိုင်မှသာလျှင် ထုတ်ပေးခဲ့ခြင်း ဖြစ်ပါသည်။ ပြဿနာကို အစပြန်ကောက်သော် ယင်းကဲ့သို့ ပညာတတ် အထက်တန်းအလွှာ မိသားစုများမှလွှဲ၍ အများစုဖြစ်သည့် ပညာမဲ့ရိုဟင်ဂျာတို့ သည် သက်သေခံအထောက်အထား ကိုင်ဆောင်နိုင်ခြင်းမရှိသော အခြေအနေ ကြာမြင့်လာသောအခါ အမှတ်မထင်ဘဲ ၁၉၇၈ ခုနှစ်တွင် မြန်မာနိုင်ငံသား ဟုတ်၊ မဟုတ် စိစစ်လိုသည်ဟု အကြောင်းပြ၍ မှတ်ပုံတင်စစ်ဆေးသည့် နဂါမင်းစစ်ဆင်ရေးတစ်ရပ်ကို လုပ်လာခဲ့သည်။ ဤတွင် ၁၉၅၅ ခုနှစ်လောက်က မွေးဖွားသောကလေး၏ အသက်မှာ (၂၃) နှစ်ရှိပြီဖြစ်ရာ၊ အချို့မှာ အိမ်ထောင်ပြု သားသမီးများပါ ရရှိနေပြီ ဖြစ်သည်။ ယင်းကဲ့သို့အချိန်မျိုးတွင် မှတ်ပုံတင်ထုတ်မပြနိုင်သူကို သတ်လား၊ ဖမ်းလား စသည်အတိုင်း နှိပ်စက်မှုများလုပ်လာသည်ကို ကြောက်ရွံ့ရသဖြင့် ရိုဟင်ဂျာ ၂ သိန်းခွဲကျော်သည် တဖက်နိုင်ငံသို့ ထွက်ပြေးခဲ့ရသည်။ ထိုထွက်ပြေးသူများနှင့်ပတ်သက်၍ မြန်မာအစိုးရက ယနေ့ ပြောဆိုနေသကဲ့သို့ မှတ်ပုံတင်စစ်သည့်ကာလ တဖက်နိုင်ငံမှ ခိုးဝင်နေထိုင် သူများ ကြောက်လန့်သောကြောင့် မိမိတို့ မူရင်းနိုင်ငံသို့ ပြန်သွားခြင်းဖြစ်သည်ဟု ပြောခဲ့ဘူးသည်။ နိုင်ငံတကာ အသိုင်းအဝန်းများကလည်း ကွင်းဆင်းစစ်ဆေးလိုက်သောအခါ မြန်မာအစိုးရက လိမ်ညာပြောဆိုနေမှန်းသိ၍ ပြင်းထန်းစွာ သတိပေးလာမှ ယင်းတို့အားလုံးကို မြန်မာ အစိုးရက ချွင်းချက်မရှိ ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။ သို့ရာတွင် ယင်းကဲ့သို့ ပြန်ခေါ်သွားရာ၌လည်း မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် UN သုံးပွင့်ဆိုင်ချုပ်ဆိုခဲ့သော သဘောတူစာချုပ်၌ ဥာဏ်နီဥာဏ်နက်သုံး၍ မလိမ့်တပတ် လုပ်ခဲ့သေးသည်။ ဆောင်းပါး၏လိုရင်းသည် ထိုကိစ္စမ ဟုတ်သောကြောင့် ယင်းအကြောင်းကို မဖော်ပြလိုပါ။ ဒီကနေ့ ပြောဆိုနေကြသည့် နောက်ထပ်အကြောင်းတစ်ရပ်မှာ ရိုဟင်ဂျာဟူသော အသုံးအနှုန်းကို မကြားဘူး၊ မသိဘူးဟု ပြောကြားချက် ဖြစ်သည်။ ဦးနေဝင်းတက်လာသည့် ကာလနောက်ပိုင်း ထိုအသုံးအနှုန်းကို တောက်လျှောက် Black List လုပ်ထားခြင်းဖြစ်သည်။ ယင်းစ ကားလုံးကို သုံးစွဲခဲ့မှုကြောင့် ထောင်ကျခံရသူ၊ ထောက်လှမ်းရေးတို့၏ နှိပ်စက်ခံရသူပေါင်း မနည်းပေ။ တက္ကသိုလ်တွင် ကျောင်းဝင်ခွင့်ပုံစံ ဖြည့်စွက်ရာ၌ သုံးစွဲခဲ့မှုကြောင့် ခေါ်ယူစစ်ဆေးခံခြင်း၊ သတိပေးခံရခြင်းအပြင် ကျောင်းထုတ်ခံရသူများလည်း အမြောက်အများရှိခဲ့သည်။ ထို့ အပြင် ၁၉၈၃ သန်းခေါင်းစာရင်း ကောက်ယူရာတွင်လည်း ထိုအသုံးအနှုန်းကြောင့် ပြဿနာတက်ခဲ့သည့်အပြင်၊ ၁၉၉၀ နှစ်များအတွင်း ထို အသုံးအနှုန်းကြောင့် ဘူးသီးတောင်၊ မောင်တော၌ ပြဿနာတက်ခဲ့ရသောကြောင့် ယခုကဲ့သို့ ရိုဟင်ဂျာ ခေတ်ပညာတတ်တို့အနေဖြင့် နယ် တကာလှည့်၍ ထိုနိုင်ငံသားလျှောက်လွှာကို ဖြည့်စွတ်ပေးခဲ့ရခြင်းဖြစ်သည်။ ထိုကိစ္စရပ်များကို ဂဃနဏသိသူ ရိုဟင်ဂျာများအပြင် မဆလ ခေါင်းဆောင်များ၊ ထိုခေတ်က လဝက အရာရှိများနှင့် စစ်ထောက်လှမ်းရေးများ မြောက်များစွာ သက်ရှိထင်ရှားလျက်ရှိသည်။ မငြင်းသာနိုင်သည့် အခိုင်မာဆုံးသော အချက်တစ်ရပ်မှာ ဒီကနေ့ ဒေါက်တာအေးချမ်းနှင့် အပေါင်းအပါများ၊ ရခိုင်လူမျိုးစု ခေါင်းဆောင်များ နှင့် စစ်အာဏာရှင်များက ဝန်ကြီးချုပ်ဦးနုက မဲနိုင်ရန်၊ ကွန်မြူနစ်ပါတီမှ သခင်စိုးက အဘယ်အတွက်ကြောင့်၊၊ ပါလီမန်အမတ် အပ်ဒူဂဖါးက မည်သည့်အတွက်ကြောင့် ထိုစကားလုံးကို ထွင်ခဲ့သည်ဟု စွပ်စွဲလျက်ရှိသည်ကို ကြည့်ခြင်းအားဖြင့် အကြောင်းတရားမရှိလျှင်၊ အကျိုးတ ရားဖြစ်လာရိုး ထုံးစံမရှိဆိုကဲ့သို့ ရိုဟင်ဂျာဟူသည့် အသုံးအနှုန်း ယခင်ကပင် မရှိခဲ့သော် ယခုကဲ့သို့ ပြောဆိုကန့်ကွက်မှုများလည်း ဖြစ် လာစရာ အကြောင်းမရှိပေ။ ဒေါက်တာအေးချမ်းအပါအဝင် ရခိုင့်သမိုင်းပညာရှင်အများစုက ဤအကြောင်းကန့်ကွက်နေသည့် သမိုင်းဟု ခေါင်းစဉ်တပ်ထားသော စာတမ်းပေါင်းများစွာ မကြာခဏ ပြုစုထုတ်ဝေသည်ကို လေ့လာကြည့်နိုင်ပါသည်။ မူလဇာတ်လမ်းကိုဆက်သော် အစိုးရအနေဖြင့် ယင်းနည်းအတိုင်း ရိုဟင်ဂျာတို့အား တမင်ပင်လျှင် သက်သေခံအထောက်အထားမဲ့စေခဲ့ပြီး ဘင်္ဂလားဒေ့ရှ်မှ ခိုးဝင်သူများဟု စွပ်စွဲမောင်းထုတ်ရန် မမျှော်လင့်ဘဲ ဦးနေဝင်းတက်လာပြီး (၁၅) နှစ်အကြာတွင် နဂါးမင်းစစ်ဆင်ရေးကို လုပ်၍ ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ဘဲ လူများပြန်ခေါ်ရသည်။ သို့သော် ထိုမဟာဗျုဟာကို အရှုံးမပေးပေ။ ဆက်လက်၍ ထိုထက် မက နက်ရှိုင်းသည့် နည်းဗျူဟာများကို စီမံကိန်းကျကျနှင့် စနစ်တကျရေးဆွဲ ပြင်ဆင်လာခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။ ၁၉၇၉ တွင် ဒုက္ခသည်များကို ပြန်လည်နေရာချပြီးသည်နှင့် ဦးနေဝင်သည် ရခိုင်သမိုင်းပညာရှင် ဒေါက်တာအေးကျော်၊ ဒေါက်တာမောင် မောင် (၈၈-သမ္မတဟောင်း) တို့ကိုတိုင်ပင်ပြီး ၁၉၈၂ ခု မြန်မာနိုင်ငံသား ဥပဒေကို ရေးဆွဲပြဋ္ဌာန်းခဲ့လေသည်။ အထက်ပါဥပဒေအရ မြန်မာနိုင်ငံတွင် ၁၈၂၃ မတိုင်မီ အတည်တကျ နေထိုင်သူများအား တိုင်းရင်းသားဟူ၍ သတ်မှတ်ထားသည်ကို အား လုံး သိရှိပြီးဖြစ်သည်။ ဤ ၁၈၂၃ ဟူသည့်ခုနှစ်ကို ရွေးချယ်ရခြင်းသည် ရခိုင်ခေါင်းဆောင် ဒေါက်တာအေးကျော်၏ စနက်ကြောင့်ဖြစ်ပြီး တမင်သက်သက် ရိုဟင်ဂျာတို့ကို ရည်ရွယ် ပစ်မှတ်ထားခြင်း ဖြစ်ပါသည်။ အကြောင်းမူကား ၁၇၈၅ တုန်းက ဗမာတို့က ရခိုင်ပြည်ကို အပြီး အပိုင် သိမ်းယူခဲ့စဉ်က စစ်ဒဏ်၊ ဗမာ့စစ်တပ်၏ နှိပ်စက်မှုဒဏ်များကို ရှောင်ရှားရန် ရိုဟင်ဂျာနှင့် ရခိုင်ရာနှင့်ချီ၍ ဗြိတိသျှအပိုင် စစ်တ ကောင်း (ထိုစဉ် ကအိန္ဒိယ) သို့ ထွက်ပြေးထိန်းရှောင်ခဲ့လေသည်။ ထို့နောက် ၁၈၂၄ ခုတွင် အင်္ဂလိပ်-မြန်မာ ပထမစစ်ဖြစ်ပွားခဲ့ပြီး ရခိုင်နှင့် တနင်္သာရီကို အင်္ဂလိပ်တို့ သိမ်းပိုက်ခဲ့သောအခါ ယခင်စစ်တကောင်းသို့ ထွက်ပြေးခဲ့သူ ရခိုင်ပြည်သားများအနက် အတော်များများသည် ဌာနေပြန်ခဲ့ကြသည်။ ထို့နောက် အင်္ဂလိပ်တို့က လယ်ယာနှင့် ကူးသန်းရောင်း ဝယ်ရေးအတွက် အိန္ဒိယနိုင်ငံသားများကိုလည်း ခေါ်လာခဲ့ သည်ဟု သမိုင်းမှတ်တမ်းများအရ သိရသည်။ ယင်းကိစ္စနှစ်ရပ်ကို ရောစပ်၍ ဌာနေပြန် ရိုဟင်ဂျာတို့ကို လယ်လုပ်ရန်၊ ကူလီလုပ်ရန် အင်္ဂလိပ်က ခေါ်သွင်းခဲ့သည်ဟု ရောနှောအကြောင်းပြ နိုင်ရန် ထို ၁၈၂၃ ဟူသည့် သက္ကရာဇ်ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့ ဥာဏ်နီဥာဏ်နက်သုံး၍ သမိုင်းကြောင်းကို နောက်ခံပြုကာ နိုင်ငံသားဥပဒေ ရေးဆွဲခဲ့ရာ၌ သမိုင်းကိုလုပ်ကြံခဲ့သည့် အချက်နှစ် ချက်ရှိသည်။ ပထမအချက်မှာ ဗမာတို့က ရခိုင်ကိုသိမ်းပိုက်ခဲ့စဉ် ထွက်ပြေးသူများအနက် ရိုဟင်ဂျာလူမျိုးများ ပါဝင်ကြောင်းကို သမိုင်းတွင် လုံးဝ အပေါ်မခံဘဲ ခြေရာဖျောက်ထားခြင်းဖြစ်ပြီး၊ ထိုအချက်ကို ပေါ်လွင်စေပါက အထက်ပါအတိုင်း ထွက်ပြေးသူများ ဌာနေပြန်ခြင်းနှင့် ခေါ်သွင်းသူများကိစ္စ ပေါ်လာနိုင်သောကြောင့်ဖြစ်သည်။ သို့ရာတွင် ထိုထွက်ပြေးသူ ရိုဟင်ဂျာများအကြောင်းကို မိုးသိ၊ နတ်သိ၊ ကမ္ဘာသိ ဖြစ်နေသည်ကို သမိုင်းလိမ်သူတို့က သတိမထားမိပေ။ ဒုတိယအချက်တစ်ခုမှာ အင်္ဂလိပ်ကိုလိုနီအစိုးရက မြန်မာပြည်ကို အုပ်ချုပ်ရလွယ်အောင် အိန္ဒိယ၏ ပြည်နယ်အဖြစ်ထားရှိရာမှ ၁၉၃ရ ခု၊ ဧပြီလ (၁) ရက်နေ့တွင် ပြန်လည် ခွဲထုတ်ခဲ့သည်။ ထိုသို့ ခွဲထုတ်ခဲ့စဉ် ဗြိတိသျှတို့ အပြောင်းအလဲလုပ်ထားသော နိုင်ငံသားများနှင့် ပတ် သက်၍ Citizen by choice ဟူသည့် သဘောတူညီချက်ကို လုံးဝ သမိုင်းအစအန မဖော်အောင်ထားရှိပြီး၊ ထိုသဘောတူညီချက်ကို ချိုး ဖောက်လိုက်ခြင်း ဖြစ်ပါသည်။ ဒုတိယပိုင်းကို ဆက်လက်ဖတ်ရှုရန်….