Saturday, June 4, 2016

ရိုဟင်ဂျာ၊ မြန်မာအစိုးရနှင့် ရောင်စုံကတ်ပြားများ (ဒုတိယပိုင်း)

ကိုကိုလင်း (ရန်ကုန်တက္ကသိုလ်)

မြန်မာစစ်အာဏာရှင် နေဝင်းသည် ဤဆောင်းပါး၏ ပထမပိုင်းတွင် ဖော်ပြခဲ့သည်အတိုင်း စစ်ဒဏ်ကြောင့် ထွက်ပြေးခဲ့ကြသူ ရိုဟင်ဂျာများ ၁၈၂၄ နောက်ပိုင်း အင်္ဂလိပ်တို့ ရခိုင်ဒေသကို သိမ်းပိုက်သောအခါ ဌာနေပြန်ကြရာ၊ ယင်းတို့အား အိန္ဒိယမှ ခေါ်သွင်းလာသည့် အလုပ်သမား များနှင့် အရောင်းအဝယ်လာလုပ်သူများဖြင့် ရောထွေးစေရန် ရည်ရွယ်ပြီး ရိုဟင်ဂျာတစ်မျိုးတည်းကို တာစူပစ်မှတ်ထားကာ ၁၈၂၃ မတိုင်မီ မြန်မာနိုင်ငံတွင် အိုးအိမ်အတည်တကျနေထိုင်သူများသည်  တိုင်းရင်းသားဖြစ်သည်ဟု ၁၉၈၂ နိုင်ငံသားဥပဒေတွင် အဓိပ္ပာယ်ရှိရှိ လိမ္မာစွာ ပြဌာန်းလိုက်ခြင်းဖြစ်သည်။

သို့ရာတွင် ထိုဥပဒေကို ပြဌာန်းသည်ဆိုလျှင်လည်း ယင်းအား ချက်ချင်းလက်ငင်း အာဏာတည်စေခဲ့ပြီး အကျိုးသက်ရောက် စေခဲ့ခြင်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့ ချက်ချင်းလက်ငင်း အာဏာတည်စေပြီး ယင်းဥပဒေအရ ထပ်မံ စစ်လားဆေးလားလုပ်ပါက လူ များ အစုလိုက်အပြုံလိုက် ထပ်မံ ပြည်ထွက်ပြေးနိုင်သည်။ ဤတွင် ပူပူနွေးနွေးရှိသေးသည့် နဂါးမင်းစီမံချက်နှင့် ဟင်္သာစီမံချက်၏ အနိဌာရုံ အ ကျိုးဆက်များအကြား ယင်းကဲ့သို့ အဖြစ်အပျက်များ ဒုတိယအကြိမ် ထပ်မံဖြစ်လာပါက ကမ္ဘာကြီး မည်သည့်အခါမျှ သည်းခံလိမ့်မည် မဟုတ် သကဲ့သို့ မလိမ့်တပတ်လုပ်ထားသည့် အချက်အလက်များသည်လည်း ဘူးပေါ်သလို ပေါ်လာတော့မည် ဖြစ်သောကြောင့်ပင် ဖြစ်ပါသည်။ ထို့ ကြောင့် ထို ၈၂ ဥပဒေကို ပြဌာန်းခဲ့ပြီး ချက်ချင်းလက်ငင်း ထိုဥပဒေကို အာဏာသက်ဝင်အောင် မလုပ်ဘဲ ယနေ့ကဲ့သို့ အချိန်အခါမျိုးအတွက် ရေရှည်မျှောချ ဆွဲထားလိုက်ခြင်းဖြစ်သည်။
ထို ၈၂ ဥပေဒ၏ နောက်ထပ် လျှို့ဝှက်ချက်တစ်ခုမှာ ယင်းဥပဒေတွင် ယုတ္တိယုတ္တာရှိလာသည့်နှယ် ၁၉၄၇ ခု ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ၁၉၇၄ အခြေခံ ဥပဒေအရ နိုင်ငံသားဖြစ်ခွင့်ရှိသူများအား ဤဥပဒေက ဆက်လက် နိုင်ငံသားဖြစ်ခွင့် ပြုထားသော်လည်း၊ အခြားဥပဒေတစ်ရပ်ဖြင့် တစ် စုံတစ်ဦး၏ နိုင်ငံသားဖြစ်မှုကို တရားစီရင်ရေးက ဆုံးဖြတ်ခွင့် မပေးထားဘဲ ယင်းအာဏာကို အုပ်ချုပ်သူ အာဏာပိုင်တို့အား ပေးထားခြင်းဖြစ် သည်။ ထို့ကြောင့် လူတစ်ဦးသည် မည်သို့ပင် ၄၇ နှင့် ၇၄ ဥပေဒအရ နိုင်ငံသားဖြစ်ကြောင်း ဖော်ပြသော်လည်း၊ အကြောင်းတရား ဖန်တီးပြီး ထိုသူသည် နိုင်ငံသားဖြစ်ကြောင်း အဆုံးအဖြတ်ရယူရန် တရားရုံးကို ဦးတိုက်လျှောက်စရာ မလိုအပ်ဘဲ၊ အုပ်ချုပ်သူ အာဏာပိုင်များက မိမိတို့ သဘောရှိသည်အတိုင်းသာလျှင် ဆုံးဖြတ်သည်ကို ခံယူရမည်။  
ထို့နောက် ယင်းခေတ်ကာလမှစ၍ အမျိုးသားမှတ်ပုံတင် ကိုင်ဆောင်ထားသူချင်း အတူတူဖြစ်ပါလျက် ထိုကတ်ပြားပေါ်တွင် ရေးထိုးထားသည့် အမည်နှင့် ကိုးကွယ်သည့်ဘာသာကိုလိုက်၍ မူဆလင်ဖြစ်ပါက မလိုမုန်းထားဆက်ဆံခြင်း၊ ဦးစားပေးနောက်ဆုံးအဆင့်သို့ လျှော့ချခြင်း၊ ဌာန ဆိုင်ရာ အစိုးရတာဝန် ထမ်းဆောင်ခြင်းမှ လျှော့ချခြင်း၊ အထူးသဖြင့် လက်နက်ကိုင် လုံခြုံရေးတာဝန် ထမ်းဆောင်ခြင်းကို ကန့်သတ်တား ဆီးခြင်း အစရှိသည်ဖြင့် ခွဲခြားဆက်ဆံရေး သဘောတရားများကို အဆင့်ဆင့်နှင့် တစ်ခုပြီးတစ်ခု ပြုလုပ်လာခဲ့လေသည်။
ယနေ့ မြန်မာနိုင်ငံဟု သတ်မှတ်ထားသည့် အပြည်ပြည်ဆိုင်ရာ နယ်နိမိတ်ကြီးအတွင်း မြန်မာဘုရင်များလက်ထက်တုန်းက ကျူးကျော်သိမ်း ပိုက်ထားသည့် အချုပ်အချာအာဏာပိုင် နိုင်ငံငယ်ကလေးများ မြောက်များစွာပါဝင်လေသည်။ အဆိုပါနိုင်ငံများ ကျူးကျော်သိမ်းပိုက်ခံခဲ့ရသည့် နှင့် မရှေ့မနှောင်းတွင်ပင် ဗြိတိသျှတို့၏ သိမ်းပိုက်မှုကို ထပ်မံခံခဲ့ကြရာ နှစ်ရာစုနှင့်ချီ၍ ကိုလိုနီ လက်အောက်ခံခဲ့ရသည်။ သို့ရာတွင် ဗြိတိသျှ အစိုးရက နှစ်ပေါင်း ၁၂၀ ကျော် အုပ်ချုပ်မှုကို အဆုံးသတ်၍ လွတ်လပ်ရေးပေးရန် စိုင်းပြင်သောအခါ ထိုကျူးကျော်ခံ နိုင်ငံငယ်ကလေးများကို ကိုယ်စားပြုသူများက မိမိတို့ပိုင်ဆိုင်သည့် အပိုင်းအခြားများကို ဗမာများလက်ထဲသို့ ထိုးမအပ်ကြရန် ဗြိတိသျှအစိုးရထံ ကန့်ကွက်လွှာများ ပို့ပေး ခဲ့သည်။ 
ယင်းကဲ့သို့ ကန့်ကွက်လွှာများ တင်သွင်းခဲ့ခြင်းကို အကြောင်းပြု၍ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဗမာခေါင်းဆောင်များသည် ထိုလူနည်း စု ကိုယ်စားလှယ်များအား တွေ့ဆုံခဲ့ပြီး ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့က ရှမ်းပြည်နယ်၊ ပင်လုံမြို့တွင် သဘောတူစာချုပ်တစ်ရပ် လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါစာချုပ်တွင် လွတ်လပ်ရေးကို ဦးစွာ ပူးပေါင်းရယူရန်နှင့် ယင်းကဲ့သို့ လွတ်လပ်ရေးရယူပြီး (၁၀) နှစ်ကြာသော အခါ ခွဲထွက်လိုက ခွဲထွက်နိုင်ကြောင်း သဘောတူခဲ့ကြသည်။
အထက်ဖော်ပြပါ သဘောတူညီချက်နှင့်အညီ မြန်မာနိုင်ငံနှင့် သက်ဆိုင်သည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပေဒေကြမ်းကို ရေးဆွဲနေခဲ့စဉ်၊ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် နိုင်ငံ့ခေါင်းဆောင်များ၊ အထူးသဖြင့် တိုင်းရင်းသားလူနည်းစုများကို ကိုယ် စားပြုသည့်ခေါင်းဆောင်များ လုပ်ကြံခံခဲ့ကြရာ၊ အဆိုပါလုပ်ကြံမှုကြီးသည် ထိုအချက်နှင့်များ သက်ဆိုင်လေမလားဟု သံသယဖြစ်ဘွယ်ရာ မြောက်များစွာရှိနေသည်။

မည်သို့ပင်ဆိုစေ အဆိုပါ လုပ်ကြံမှုကြီးနှင့်အတူ လွတ်လပ်ပြီး (၁၀) နှစ်အကြာ ခွဲထွက်ခွင့်ရှိသည်ဟူသော အချက်သည်လည်း ပပျောက်သွား ခဲ့ရသည်မှာ အမှန်ပင်ဖြစ်သည်။ ထိုနည်းတူ နှစ်ရှည်လရှည် ရှိနေပြီးဖြစ်သော တိုင်းရင်းသားလူနည်စုတို့၏ လွတ်လပ်ရေးတည်းဟူသော အိပ် မက်သည်လည်း ရေစုံမျှောပါသွားသဖြင့် ထိုအချိန်မှစ၍ တိုင်းရင်းသားလူနည်းစုများ နေထိုင်လျက်ရှိသည့် နယ်စပ်ဒေသများ၌ လက်နက်စွဲကိုင် တော်လှန်နေကြသည်မှာ ယနေ့တိုင် မပြီးစီးနိုင်သော အကျိုးဆက်တစ်ရပ် ဖြစ်လာသည်။
ယခုလက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများသည်လည်း အထက်တွင်ဖော်ပြခဲ့သော တိုင်းရင်းသားလူနည်းစုတို့၏  ခွဲထွက်ခွင့်ကို ပင်မ စီးကြောင်းအဖြစ် အဓိက အကြောင်းရင်းခံထားသည်ဟု မှတ်ချပြုနိုင်သဖြင့် ထိုသမိုင်းနောက်ကြောင်းခံ အကြောင်းအရာကို မရှိမဖြစ် သိရထား ရန် လိုအပ်သကဲ့သို့ ယင်းဖြစ်ရပ်၏ နောက်ကွယ်တွင် စစ်တပ်ကို အင်အားစုအဖြစ် အသုံးချနေသည့် အမျိုးသားရေး အစွန်းရောက်ဝါဒီများ ပါဝင် နေသည်ကိုလည်း သိရှိထားရန် လိုအပ်ပါသည်။
ဗမာ့အမျိုးသားရေး အစွန်းရောက်ဝါဒီများသည် ဦးစောကို အများထင်သာမြင်သာရှိအောင် လုပ်ဆောင်၍ ခေါင်းဆောင်များကို လုပ်ကြံခဲ့သည့် အပြင် ပင်လုံစာချုပ်ပါ ခွဲထွက်ခွင့်ကိုလည်း ပေါ်ပေါ်တင်တင် ဖျောက်ဖျက်နိုင်ခဲ့သည်။
ထို့နောက် ယင်းတို့သည်  မြန်မာတစ်နိုင်ငံလုံးကို ယင်းတို့၏ ခြေဖနောင့်အောက်တွင် ခိုင်ခိုင်မာမာထားရှိနိုင်ရန် မဟာဗမာလူမျိုးကြီးဝါဒ ကျင့် သုံးရေး မူကိုချမှတ်ပြီး ယင်းတို့၏ ခေါင်းဆောင် ဦးနေဝင်းကို ခေါင်းဆောင်အဖြစ် တင်မြှောက်ကာ ၁၉၆၂ ခုနှစ်မှစ၍ ပြင်သစ် စစ်ဘုရင် နပိုလီ ယန်နည်းတူ Burmanization ကို စတင်လုပ်ဆောင်လာခဲ့သည်။
ဦးနေဝင်းသည် ယင်း Burmanization ကို အကောင်အတည်ဖော်နိုင်ရန် မဟာဗမာလူမျိုးကြီးဝါဒကို အခြေခံသည့် ဗဟိုနိုင်ငံရေး တက္ကသိုလ်အ မည်ထွင် Institution ကို ဖွင့်လှစ်ကာ ဝိဝါဒမှိုင်းတိုက်သည့် လုပ်ငန်းများကို တဖက်က လုပ်ဆောင်ပြီး  အခြားတဖက်တွင် တသွေးတသံတည်း၊ ဥမကွဲ သိုက်မပျက်နေထိုင်ရန် နိုင်ငံတော်ကို ထူထောင်လိုသည်ဟု ကြွေးကြော်သံဖြင့် မဆလပါတီကို တည်ထောင်ကာ  တင်းကြပ်သည့် အုပ် ချုပ်မှုစနစ်ဖြင့် မင်းမူအုပ်ချုပ်လာသည့်အပြင် နိုင်ငံ၏ပညာရေး၊ စီးပွားရေးလူမှုရေး စသည့်နယ်ပယ်များကိုလည်း သြဇာလွှမ်းမိုးလာခဲ့သည်။ 
အထက်က ဖော်ပြခဲ့သည်အတိုင်း ဦးနေဝင်းသည် နိုင်ငံအတွင်းရှိ ပြည်သူအားလုံးကိုတသွေးတည်း၊ တသံတည်းဖြစ်အောင် လုပ်ဆောင်ရာ၌ ဗုဒ္ဓဘာသာဝင် တိုင်းရင်းသားလူနည်းစုတို့အား သွေးဖောက်ခြင်း၊ လက်နက်ကိုင် တော်လှန်နေကြသည့် တိုင်းရင်းသား လူနည်းစုတို့အား စစ် တပ်အခိုင်အမာ တည်ဆောက်ပီး တိုက်ခိုက်ချေမုန်းခြင်းများကို အားသွန်ခွန်စိုက် လုပ်ဆောင်လာခဲ့လေသည်။
သို့သော် ယင်း Burmanization လုပ်ရာ၌ နယ်မြေဒေသ အတိအကျတစ်ခုတွင် ကိုယ်ပိုင်သီးသန့် ယဉ်ကျေးမှု၊ ဘာသာစကား၊ ကိုးကွယ်သည့် ဘာသာအပြင် ဗမာအုပ်စုနှင့်ကွဲပြားသည့် လူမျိုးနွယ်စုများမှ ဆင်းသက်လာသည့် မူဆလင် ရိုဟင်ဂျာတို့သည် အဓိက ဟန့်တားမှုတစ်ရပ် ဖြစ် လာခဲ့သည်။
သို့ဖြစ်၍ စစ်အစိုးရသည် မည်မျှပင်ကြိုးပမ်းစေကာမူ ရိုဟင်ဂျာတို့အား Burmanization လုပ်ရန် မည်သည့်နည်းနှင့်မျှ မအောင်မြင်နိုင်ကြောင်း သဘောပေါက်လာသောအခါ ယင်းတို့အား တိုင်းပြည်မှ နှင်ထုတ်နိုင်ရန် နည်းဗျူဟာများ တစ်ခုပြီးတစ်ခု ကျင့်သုံးလာခဲ့သည်မှာ ၁၉၆၂ ခုနှစ် တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ကြံ့ဖွံ့အစိုးရလက်ထက်အထိပင် ဖြစ်သည်။
ယခင်အစိုးရများသည် ယင်းတို့၏ Burmanization ကို လူအသိမခံ လုပ်ဆောင်ခဲ့သော်လည်း ကြံ့ဖွံ့အစိုးရတက်လာပြီး ၂၀၁၂ ခုနှစ်မှစ၍ အစွန်းရောက် ရခိုင်အုပ်စုနှင့် ၉၆၉၊ မဘသ ဘုန်းကြီးများကို ရှေးတန်းတွင် အသုံးချကာ ရိုဟင်ဂျာတို့အား သာမကဘဲ မြန်မာနိုင်ငံအတွင်းရှိ အစ္စလာမ်ဘာသာဝင် မှန်သမျှကိုပါ ပေါ်ပေါတင်တင် ကြက်၊ ငှက်ကဲ့သို့ လှောင်အိမ်ထဲထည့်ပြီး သတ်ဖြတ်သည့်အထိ လုပ်ဆောင်လာခဲ့သည်။

တတိယပိုင်း ဆက်ရန်။

No comments:

Post a Comment